ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 28 Jul 2025 | တည်နေရာ: မကွေးတိုင်းဒေသကြီး | ပွင့်ဖြူမြို့နယ်

ပွင့်ဖြူ၊ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၂၇၅ ဒသမ ၀၄၈ သန်းဖြင့်တင်ဒါအောင်မြင်သော သင်္ဂဟအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် ရွာခိုင် - ကျွဲတိ- ကန်ပြည့် ကျေးရွာချင်းဆက်လမ်းကတ္တရာလမ်းခင်းခြင်း၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ်၂၃၂ ဒသမ ၂၁၁ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော ရွာခိုင်-ကျွဲတိ-ကန်ပြည့်လမ်း ကတ္တရာလမ်းခင်းခြင်း၊ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၀၅ ဒသမ ၂၂၀ သန်းဖြင့်တင်ဒါအောင်မြင်သော ထားပိုကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)