လွိုင်ကော်မြို့နယ် ဧက(၅၀၀)-နမ့်ဘော်ဝမ်းရှမ်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 21 Aug 2025 | တည်နေရာ: ကယားပြည်နယ် | လွိုင်ကော်မြို့နယ်

လွိုင်ကော် ဩဂုတ် ၂ဝ
ကယားပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လွိုင်ကော်မြို့နယ် ဧက(၅၀၀)-နမ့်ဘော်ဝမ်းရှမ်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကယားပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသင်းမင်းလတ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ သုတေသနကျွမ်းကျင်-၂ ဦးချမ်းဟိန်းအောင်နှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့နယ် ဧက(၅၀၀)- နမ့်ဘော်ဝမ်းရှမ်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီမှု ရှိ၊ မရှိ တိုင်းတာစစ်ဆေးပြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသင်းမင်းလတ်က လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
လွိုင်ကော်မြို့နယ် ဧက(၅၀၀)-နမ့်ဘော်ဝမ်းရှမ်း ကျေးရွာချင်းဆက်လမ်း အရှည် ပေ ၁၅၇၀ ၊ အကျယ် ၁၈ ပေ၊ အမြင့် သုံးလက်မရှိ ကတ္တရာခင်းခြင်း လုပ်ငန်းကို ငွေကျပ် ၁၃၈ ဒသမ ၅၀၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် ငွေပြည့်လျှံကုမ္ပဏီက ဇွန်လမှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ကယားပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသင်းမင်းလတ်ထံမှ သိရသည်။